ဆီးသွားများခြင်း (Polyuria)
Polyuria ဆီးသွားများခြင်းဟာ ရောဂါပြသာနာတစ်ရပ်လို့ မဆိုနိုင်ပေမဲ့ ရောဂါတစ်မျိုးမျိုးရဲ့ လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ ဆီးသွားများစေတဲ့၊ ထင်ရှားတဲ့ အကြောင်းအရင်းတွေကတော့ ဆီးချိုသွေးချိုရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ တချို့သောဆေးဝါးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်၊ ဓာတ်ဆားဓာတ်မညီမျှမှုတွေ၊ ကေဖိန်းဓာတ်များမှုတွေ၊ အရက်စတဲ့ အချက်အလက်တွေကြောင့်လည်း ဆီးသွားများစေပါတယ်။
ဆီးသွားများတယ်ဆိုတာ တိတိကျကျပြောရင် Toilet ဝင်တဲ့အကြိမ်အရေအတွက်ကို သတ်မှတ်တာမဟုတ်ဘဲ သွားတဲ့ဆီးပမာဏကို ဆိုလိုတာပါ။ ယေဘုယျအားဖြင့် လူကြီးတွေဟာ နေ့စဉ် ဆီးပမာဏ ၂.၅လီတာမျှ ပုံမှန်သွားလေ့ရှိပါတယ်။ အကယ်၍ လူကြီးတစ်ယောက်ဟာ တစ်နေ့ကို ဆီး ၃လီတာနဲ့အထက်သွားနေပြီဆိုရင်တော့ ဆီးများတယ်လို့ သတ်မှတ်ပါတယ်။
ဆီးအများကြီးသွားခြင်း ဖြစ်စေတဲ့ရောဂါအကြောင်းအရင်းပေါ်မူတည်ကာ တခြားလက္ခဏာတွေနဲ့လည်း တွဲတွေ့ရတတ်ပါတယ်။ အကြောင်းအရင်းက Diabetes insipidus (သို့) Diabetes mellitus ရောဂါတွေ ဖြစ်နေခဲ့ရင် ရေအလွန်အမင်းငတ်ခြင်းနဲ့ တွဲတွေ့ရတတ်ပါတယ်။
တွေ့ရများတဲ့ ဆီးများရခြင်း အကြောင်းအရင်းများ
Diabetes Mellitus
အင်ဆူလင်ဟော်မုန်းကို ကောင်းစွာမထုတ်နိုင်လို့ဖြစ်စေ၊ အင်ဆူလင်ရှိနေရက် ကောင်းစွာ အလုပ်မလုပ်၍ဖြစ်စေ ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ကို လုံလောက်စွာ မထိန်းညှိပေးနိုင်တဲ့အတွက်ကြောင့် ဆီးချိုရောဂါ Diabetes mellitus ဖြစ်လာရပါတယ်။ သွေးထဲမှာ သကြားများနေခြင်းကြောင့် သွေးစီးကြောင်းရဲ့ ရေမော်လီကြူးတွေကိုဆွဲယူအား (osmolarity) ဟာလည်း မြင့်တက်နေပါတယ်။ ဒါ့ကြောင့် ကျောက်ကပ်ဟာလည်း များနေတဲ့သကြားတွေကို စွန့်ထုတ်ဖို့ ဆီးများများထုတ်လွှတ်ပါတော့တယ်။
Diabetes Insipidus
Diabetes Insipidus ကတော့ သွေးတွင်းသကြားဓာတ်များမနေပါ။ အာရုံကြောပြသာနာကြောင့် ဆီးထိန်းတဲ့ ဟော်မုန်းဖြစ်တဲ့ Arginine Vasopressin AVP (antidiuretic hormone) မရှိတဲ့အခါ (သို့) ကျောက်ကပ်ပြသာနာကြောင့် AVP ဟော်မုန်းကို မတုန့်ပြန့်နိုင်တဲ့အခါ ဆီးသွားများစေပါတယ်။ အာရုံကြောပြသာနာနဲ့ ဆက်စပ်တဲ့ Diabetes Insipidusဟာ မျိုးရိုးလိုက်တတ်ပါတယ်။
ဆီးရွှင်ဆေးများ
နှလုံးရောဂါများနဲ့ သွေးတိုးရောဂါများအတွက် သမားတော်ရဲ့ ညွှန်ကြားချက်နဲ့ ဆီးဆေးများ သောက်နေရရင် ဆီးသွားများမှသာ နှလုံးအမောဖောက်တာတွေ သွေးပေါင်ချိန်တက်တာတွေအတွက် ကောင်းမှာဖြစ်ပါတယ်။
Lithium
စိတ်ငြိမ်ဆေး Lithium မှာ ဆီးများစေတဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ Lithium ကြောင့် အာရုံကြောပြသာနာနဲ့ ဆက်စပ်တဲ့ Diabetes Insipidus ဖြစ်စေနိုင်ပါတယ်။
အရက်နဲ့ ကေဖိန်း
အရက်ဟာ သောက်နေကျသူတွေအတွက်တောင် အမြဲလိုလိုဆီးများစေပါတယ်။ ကေဖိန်းကတော့ ပုံမှန်သောက်နေကျသူတွေမှာ ကြာလာရင် ဆီးသွားများစေတဲ့အကျိုးဟာ နည်းလာတတ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်
ကိုယ်ဝန်ဆောင်အစောပိုင်းကာလ (ပထမသုံးလ)မှာ Progestrone ဟော်မုန်းနဲ့ HCG ဟော်မုန်းမြင့်တက်မှုတို့ကြောင့် ဆီးသွားများတတ်ပါတယ်။ ပထမသုံးလကျော်သွားရင် ဆီးသွားများခြင်း မရှိတတ်တော့ပါ။ အကယ်၍ ဒုတိယသုံးလမှာ ဆီးများနေသေးရင် ကိုယ်ဝန်ကြောင့် ဆီးချိုရောဂါဖြစ်လာနိုင်ချေရှိပါတယ်။
အကယ်၍ သင်ဟာ မကြာခဏ ဆီးသွားနေရပြီဆိုရင် (အထူးသဖြင့် ရေအလွန်အမင်းငတ်တာလည်း ရင်ဆိုင်နေပြီဆိုရင်) ဆရာဝန်၊ သမားတော်တို့နဲ့ ဆွေးနွေးကုသဖို့လိုနေပါပြီ။
ရေးသားသူ - Dr. May Myat Tun